အပ်မှိုကြော် ပြုလုပ်နည်း


 အပ်မှိုကြော် ပြုလုပ်နည်း

အပ်မှိုဆိုတာ များသောအားဖြင့် မာလာဟင်းနဲ့ ဟော့ပေါ့တွေမှာ ထည့်စားကြတာ များပါတယ်။ အပ်မှိုကို ကြွပ်ကြွပ်လေး ကြော်စားလို့ရတယ်ဆိုတာ သိတဲ့သူနည်းကြပါသေးတယ်။
ဒီအပ်မှိုကြော်လေး အိမ်မှာကြော်ကျွေးလို့ကတော့ အရသာရှိလွန်းလို့ ၃ မိနစ်အတွင်း ပန်းကန်ပါပြောင်သွားမယ်ဆိုတာ အာမခံလောက်အောင် အရသာရှိပါတယ်။ သင်္ကြန်ပိတ်ရက်မှာ ဘယ်မှမသွားဘဲ အိမ်မှာနေပြီး ချက်စားမယ်ဆိုရင်လည်း အဆင်ပြေလှပါတယ်။ ကဲ-ဘယ်လိုကြော်မလဲ ကြည့်လိုက်ရအောင် ……
လိုအပ်သောပစ္စည်း-
အကြော်အတွက် အပ်မှို၊ ကြက်ဥနဲ့ အကြော်ခံမှုန့်။
အရသာအတွက် ဇီယာစေ့မှုန့်၊ ငရုတ်သီးမှုန့်၊ ဆား သုံးမျိုးရောကာ အမှုန့်ဖြူးသောဗူးထဲ ထည့်ထားပါ။ ထို့နောက် ကြက်သွန်မြိတ်အနည်းငယ် ပါးပါးလှီးပေးထားပါ။
ပြုလုပ်နည်း-
၁။ ကြက်ဥတစ်လုံးကိုခွဲပြီး အနှစ်ရော အကာပါ ရောခလောက်ထားပါ။
၂။ အပ်မှိုကို ကြက်ဥခလောက်ထားသောရေဖြင့် ဟိုဘက် ဒီဘက် နှံ့အောင် ဆွတ်ပေးလိုက်ပါ။
၃။ ပြီးနောက် အကြော်ခံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။
၄။ ထို့နောက် ဆီပူပူထဲမှာ နှစ်မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။
၅။ ဆီမှဆယ်ယူပြီးသော အပ်မှိုကြော်ကို သုံးမျိုးစပ်အမှုန့်ဖြင့် ဖြူးပေးလိုက်ပါ။ ပြီးနောက် ကြက်သွန်မြိတ်လေးကို အပေါ်ကဖြူးပေးလိုက်ပါ။
စားလို့ကောင်း၊ အရသာရှိလှတာမို့ တစ်အိမ်သားလုံးက သင့်ကို ကျေးဇူးတင်နေမှာပါ။ သြော် … မေ့လို့၊ ကလေးတွေ အစပ်မစားဘူးဆိုရင် ငရုတ်သီးမှုန့်လေးလျှော့ထည့်ဖို့ သတိပေးပါရစေ။ ကဲ … အခုပဲ ကြော်စားကြည့်ကြပါဦးနော်။
Crd: Mi Myanmar
မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

အထပ်တစ်ရာ ပလတာ

ဂွေးသီးငါးပိချက်