ကြက်ကချင်ချက်


 ကြက်ကချင်ချက်

ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ဟင်းပါ။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်းတို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ်အရသာလေးနဲ့ အရမ်းစားလို့ကောင်းပါတယ်။ ထမင်းမြိန်မြိန်စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြပါနဲ့နော်။
ပါဝင်ပစ္စည်းများ-
ကြက်၊ ပေါင်၊ ရင်ပုံ – ၂ တွဲ (အတုံးသေးများတုံးပါ)
မျှစ်ချဉ် – တစ်ခု (အရှည်ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၃ မွှာ (ထောင်းထားပါ)
ချင်း – လက်တစ်ဆင် (ထောင်းပြီး အရည်ညှစ်ပါ)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း
ငရုတ်သီးစိမ်း – သုံးလေးတောင့် (အစပ်ကြိုက်သူများ ၅ တောင့်အထိ ထည့်နိုင်သည်)
နံနံပင် – တစ်စည်း (နုပ်နုပ်စင်းပါ)
ဆား – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ကြက်သားမှုန့် – စားပွဲတင်ဇွန်းတစ်ဝက်
ဆီ – စားပွဲတင်ဇွန်းလေးဇွန်း
ချဉ်စော်ခါးသီးခြောက် – လက်တစ်ဆုပ်စာ (၁၀ မိနစ်ခန့် ရေစိမ်ထားပါ)
ဖက်ဖယ်ရွက် – လက်တစ်ဆုပ်စာ
(ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် သံဈေးတွင် ဝယ်ယူနိုင်သည်။)
ပြင်ဆင်နည်း-
၁။ အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းမှုန့်၊ ဆား (လက်ဖက်ရည်ဇွန်းတစ်ဝက်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်းတစ်ဝက်) တို့ဖြင့် သမအောင် ရောနည်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပေးပါ။
၂။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက်တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။
၃။ ချဉ်စော်ခါးသီးခြောက်များကို ၁၀ မိနစ်ခန့် ရေစိမ်ထားပေးပါ။
ချက်ပြုတ်နည်း-
၁။ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာလျှင် ငရုတ်သီးမှုန့်ထည့်ပြီး နှပ်ထားသောကြက်သားများကိုထည့်ကာ တစ်မိနစ်ခန့် ရောမွှေပေးပါ။
၂။ ပြီးမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည် (စားပွဲတင်ဇွန်း ၄ ဇွန်း)၊ ရေ (၄ ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား (လက်ဖက်ရည်ဇွန်းတစ်ဝက်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီး ကြက်သားကျက်သည်အထိ တည်ထားပါ။
၃။ ကြက်သားကျက်ခါနီးတွင် မြေအိုးထဲပြောင်းထည့်ပါ။
၄။ မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃ မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။
၅။ ကြက်သားပေါ်ရုံ ရေကျန်လျှင် အရသာအနေတော် မြည်းကြည့်ပါ။ အပေါ့အငန် အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီး မီးပိတ်လိုက်ပါ။
၆။ အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
Crd: Wuttyi

မူရင်းပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

Comments

Popular posts from this blog

ငါးသလောက်ပေါင်း

အထပ်တစ်ရာ ပလတာ

ဂွေးသီးငါးပိချက်